Thursday, June 25, 2009

ဇွန်လ လပတ်လည်အစည်းအဝေး

ကျွန်မတို့ မော်လမြိုင်ဂျီတီအိုင်ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ရဲ့ လက်ရှိတွေ့ကြုံနေရတဲ့အခက်အခဲလေးတွေကို ၂၀၀၉ခုနှစ် ဇွန်လ ၂၀ ရက်နေ့ညနေ ၆နာရီမှာ သူငယ်ချင်းများစုဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဆုံနေကြဖြစ်တဲ့အတိုင်း ၁။ ကိုသောင်းဆွေဝင်း ၂။ ကိုစောအောင်ထွန်းဦး ၃။ကိုကျော်လွင်ဝင်း ၄။ ကိုဝင်းသန့် ၅။ကိုမင်းသူ ၆။ကိုနိုင်ဝင်း ၇။မဝေေ၀နွယ် ၈။ မအိအိခိုင် ၉။ မကြေးမုံဝင်း ၁၀။ မခင်ဝင်းချို ၁၁။ မရည်မွန်သောင်း ၁၂။ မဇာဇာထွန်း ၁၃။ မပပရွှေ ၁၄။ မအေးနန္ဒာဝင်းမောင် အားလုံးပေါင်း ၁၄ယောက် ဆုံဖြစ်ခဲ့ကြပါတယ်။ ဒီအစည်းအဝေးက ကျွန်မတို့အဖွဲ့လေးဖြစ်ပေါ်လာပြီးတဲ့နောက်ပိုင်း ပထမဦးဆုံး အကြာဆုံးနဲ့ဆွေးနွေးတဲ့အကြောင်းအရာအများဆုံး အစည်းအဝေးတစ်ခုဖြစ်ခဲ့ပါတယ်။ နဂိုစီစဉ်ထားခဲ့တဲ့အတိုင်း ခေါင်းစဉ် ၆ခု ကိုဆွေးနွေးခဲ့ကြပြီး အကြမ်းမျဉ်းအတည်ပြုခဲ့ကြပါတယ်။
၁။ ဇွန်လအတွက် အလှူငွေထည့်ဝင်ခြင်းနှင့် ကန်တော့ခံ ဆရာဆရာမ ရွေးချယ်ခြင်း - ဇွန်လအတွက် ကောက်ခံရရှိတဲ့အလှူငွေစာရင်းကို ပုံမှန်အတိုင်း ဘဏ္ဍာထိန်းမဝေေ၀နွယ် က သူငယ်ချင်းအားလုံးဆီကို မေးလ်နဲ့အကြောင်းကြားပေးပါလိမ့်မယ်။ ဇူလိုင်လအတွက် ကန်တော့ခံဆရာဆရာမများကတော့ ၁။ ဒေါ်အေးအေးချို (Civil) ၂။ ဦးအားတီ (MT) ၃။ ဦးခင်မောင် (EP) ၄။ ဒေါ်ခင်နန်းမြင့် (Academic) ၅။ ဒေါ်မြင့်ငွေ (MP) ၆။ ဒေါ်ဝါ၀ါမိုး (EC) အားလုံးပေါင်း ၆ ယောက်ပါ။
၂။ နာမကျန်းဆေးကုသစရိတ် ငွေပဒေသာပင် ထူထောင်ခြင်း - ဆရာဆရာမကြီးများအတွက် နာရေးနဲ့ဆေးကုသငွေကို ကျွန်မတို့တိုင်ပင်ထားတဲ့အတိုင်း S$ 1000 သတ်မှတ်ပါတယ်။ တကယ်လို့များလိုအပ်ချက်အရ သတ်မှတ်ထားတဲ့ငွေပမာဏကိုကျော်သွားခဲ့မယ်ဆိုရင်လည်း အရေးပေါ်ဆုံးဖြတ်ချက်ရယူပြီး ထပ်ဖြည့်မှာဖြစ်သလို နှစ်ပတ်လည်တဲ့အထိ ပိုနေတဲ့ပမာဏရှိခဲ့ရင် နောင်နှစ်ကိုဆက်လက်ယူဆောင်သွားမှာဖြစ်ပါတယ်။ (၂၀၀၉ခုနှစ်အတွက် S$ 300 နီးပါး ကို ဆရာကြီးဦးဌေးအောင်အတွက် နာရေးကူငွေအဖြစ်သုံးစွဲပြီးဖြစ်ပါတယ်။ )
၃။ မြန်မာပြည်ပိုင်းဆိုင်ရာ အဖွဲ့ကိုယ်စားလှယ်အတည်ပြုသတ်မှတ်ခြင်း - ရန်ကုန်နဲ့ တခြားမြို့တွေမှာရှိတဲ့ဆရာဆရာမများကိုဆက်သွယ်ပြီးကန်တော့ငွေပို့ပေးဖို့ အတွက် မြန်မာပြည်ပိုင်းဆိုင်ရာ အဖွဲ့ကိုယ်စားလှယ်အဖြစ် မကေသီထွန်း (၉၈-မြို့ပြ) ကို အကူအညီတောင်းပြီးဖြစ်ပါတယ်။ မော်လမြိုင်ကျောင်းမှာရှိနေဆဲဆရာဆရာမများနဲ့ မော်လမြိုင်မှာပဲအခြေချနေထိုင်တဲ့ပင်စင်စားဆရာဆရာမများကိုတော့ ဆရာမ ဒေါ်ကျင်ဝင်းနဲ့ဒေါ်ဥမ္မာသူတို့မှတဆင့် ပေးပို့ကန်တော့သွားမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
၎။ ကန်တော့ခံဆရာဆရာမစာရင်း အသေးစိတ်ပြန်လည်ကောက်ယူအတည်ပြုခြင်း - ကျွန်မတို့ရဲ့အမိကျောင်းတော်ကြီးမှာ အနည်းဆုံး ၃ နှစ်နှင့်အထက် တာဝန်ထမ်းဆောင်ခဲ့သူ တာဝန်ထမ်းဆောင်ဆဲ ဆရာဆရာမများကို လမ်းလှမ်းမီသလောက် စာရင်းကောက်ယူပြီး အကြမ်းမျဉ်း အတည်ပြုခဲ့ကြပါတယ်။ ဒီနေရာမှာ ဆရာဆရာမများရဲ့လုပ်သက်အတိအကျ မရနိုင်တဲ့အတွက် ကျွန်မတို့ အကြမ်းမျဉ်းပဲ အဖြေထွက်ပါသေးတယ်။ အားလုံးအတည်တကျစာရင်းချုပ်ပြီးရင်တော့ ကန်တော့ခံဆရာဆရာမစာရင်းကို သူငယ်ချင်းအားလုံးထံ အသိပေးမှာပါ။ (လောလောဆယ်တော့ စောင့်ကြပါဦးလို့)
၅။ Mechatronics & IT ဌာနမှ ကန်တော့ခံဆရာဆရာမများ ထည့်သွင်း/မသွင်း ဆွေးနွေးအကြံပြုခြင်း - ဒီခေါင်းစဉ်နဲ့ပတ်သတ်လို့ ကျွန်မတို့ အကျပ်ရိုက်နေကြရတာကြာပါပြီ။ ကျွန်မတို့အမိကျောင်းတော်ကြီးမှာ ကျွန်မတို့ကိုပညာရည်တိုက်ကျွေးခဲ့တဲ့ဆရာဆရာမများအားလုံးကို ကျွန်မတို့ကန်တော့ချင်တာပါ။ ဘယ်နှစ် ဘယ်မေဂျာကမှ ဆိုတာမျိုးမရှိပါဘူး။ အားလုံးလည်း ဒီဆန္ဒရှိမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အခက်အခဲတစ်ခုအနေနဲ့ ကျွန်မတို့ ဒီမေဂျာတွေက မောင်ငယ်ညီမငယ်တွေကို အစည်းအဝေးလာဖို့ သူတို့ရဲ့ဆရာဆရာမတွေအမည်နဲ့လုပ်သက်တွေကို စုံစမ်းပေးဖို့ ဘယ်လိုမှ ခေါ်မရဘူးဖြစ်နေလို့ပါ။ အဲဒါကြောင့် ကျွန်မတို့ကပဲ အတတ်နိုင်ဆုံး အချက်အလက်တွေရအောင် ကြိုးစားကြည့်ကြပါမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ မလျော့သော ဇွဲလုံ့လ နဲ့ မောင်လေးညီမလေးများကို ထပ်ပြီးဖိတ်ခေါ်လိုက်ပါတယ်။ အဖွဲ့နဲ့အတတ်နိုင်ဆုံး တွေ့ဆုံအကြံပြုကြပါလို့ နော်။
၆။ အဖွဲ့ဝင်ကျောင်းသားကျောင်းသူစာရင်း ပြန်လည်စီစစ်ခြင်း - ကျွန်မတို့ သူငယ်ချင်းတွေထဲက အထူးသဖြင့်စင်ကာပူမှာလာပြီးအလုပ်လုပ် ပုံမှန်အလှူငွေထည့်ဝင်နေပြီးမှ အဆင်မပြေလို့ ပြန်သွားရတဲ့သူတွေရှိပါတယ်။ တချို့အဝေးရောက်သူငယ်ချင်းတွေထဲက ငွေလွှဲရတာ အဆင်မပြေလို့ ကွက်လပ်ဖြစ်နေတဲ့သူတွေလည်းရှိနေပါတယ်။ အဲဒီ့အတွက် ကျွန်မက ဘယ်လိုလုပ်မလဲ စာရင်းထဲမှာ လူတွေဖောင်းပွနေပြီး ထည့်ဝင်ငွေနေရာမှာကွက်လပ်ဖြစ်နေတော့ သူများမေးစရာဖြစ်မယ်လို့ ဒီခေါင်းစဉ်ကို စ ခဲ့တာပါ။ ဒါပေမယ့် ကိုသောင်းဆွေဝင်းရဲ့ ဒီအတိုင်းပဲဆက်လက်ထားပေးပါ သူတို့ဟာ တချိန်က ဒီအဖွဲ့ထဲမှာရှိခဲ့ဖူးတာပဲ ဆိုတဲ့ စကားကို ကျွန်မလက်ခံခဲ့ပါတယ်။ ဒါဟာ အမှန်တရားပါ။ ဘယ်အချိန်မှာပဲ ရှိခဲ့ဖူးရှိခဲ့ဖူး ကျွန်မတို့ရဲ့အဖွဲ့ဝင်ပါပဲ။ (ကျေးဇူးပါ သောင်းသောင်းရေ)
၇။ ကန်တော့ခံဆရာဆရာမဦးရေ တိုးရန် - ဒီတစ်ခုကတော့ နောက်တိုးခေါင်းစဉ်ပါ။ ဒီအစီအစဉ်လေးကို စခဲ့တုန်းက ကျွန်မတို့နိုင်သလောက် လုပ်ကြမယ်ဆိုပေမယ့် တဖြည်းဖြည်းကျွန်မတို့ကျောင်းသားဟောင်းတွေပိုပြီးစုစည်းမိလာသလို ထည့်ဝင်ငွေတွေလည်းမျှော်မှန်းထားတာထက် ပိုလုံလောက်ခဲ့တာကြောင့် လစဉ်ကန်တော့နေကြဆရာဆရာမဦးရေကို ပုံမှန် ၅ ဦးကနေ ထပ်တိုးချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ ဆရာဆရာမဦးရေစုစုပေါင်းအရ ကျွန်မတို့နှစ်ပတ်လည်သွားခဲ့ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဆရာဆရာမတစ်ဦးကို တစ်နှစ်မှာ နှစ်ကြိမ်ကန်တော့နိုင်ခွင့်ရဖို့ ကြိုးစားကြည့်ချင်တာပါ။ အတတ်နိုင်ဆုံး စာရင်းပြုစုကြည့်ကြဖို့ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်နိုင်မဖြစ်နိုင်ကိုတော့ သူငယ်ချင်းများကို ထပ်ပြီးအကြောင်းကြားပေးပါမယ်နော်။
ကဲ သူငယ်ချင်းအားလုံးလည်း ဒီမှတ်တမ်းလေးဖတ်ပြီးရင် ဝေဖန်အကြံပြုပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေ။

No comments: