Wednesday, June 10, 2009

ရှေ့ဆက်ရမယ့်လမ်း

၁ နှစ်သားအရွယ်ရောက်ပြီဖြစ်တဲ့ အဝေးရောက်မော်လမြိုင်ဂျီတီအိုင်ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ လေးမှာ လိုအပ်ချက်တွေ ရှိနေသေးပါတယ်။ ပထမစိတ်ကူးဖြစ်တဲ့ ဆရာဆရာမများအတွက် လှူဒါန်းခြင်းကိုတော့ တက်ညီလက်ညီနဲ့ စဉ်ဆက်မပြတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမ ဆိုတဲ့နောက်ကို ဒုတိယ တတိယ စသည် စသည် တွေက လိုက်လာမြဲပါ။ အခုဆိုရင် အဖွဲ့အတွက် သင့်တင့်တဲ့ငွေကြေးနဲ့ လူအင်အား ရှိပါတယ်။ ဒါပေမယ့် သတင်းအချက်အလက်လေးတွေ အကြံပြုချက်လေးတွေ လိုအပ်နေပါသေးတယ်။ ဖြတ်သန်းခဲ့တဲ့ ၁ နှစ်တာအချိန်ကာလမှာ ရခဲ့တဲ့ အတွေ့အကြုံလေးတွေအရ ကျွန်မတို့ အများကြီး ကြိုးစားရဦးမှာပါ။ ဒီအဖွဲ့လေးအရှိန်ရလာတဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်က အကြံပေးဖူးပါတယ်။ အဖွဲ့အစည်းရယ်လို့လုပ်မယ်ဆိုရင် တာဝန်တိတိကျကျခွဲဖို့အတွက် နေရာတစ်ခုစီ သတ်မှတ်ထားဖို့လိုအပ်မယ်တဲ့။ ဒါပေမယ့် နင်ကတော့ ဒီပို့စ် ယူ ဒါတွေလုပ် လို့ကျွန်မတို့ ခွဲလိုက်လို့မရနိုင်ပါဘူး။ အားလုံးသိပြီးတဲ့အတိုင်းပဲ ဒီခြင်္သေ့ကျွန်းပေါ်မှာရုန်းကန်ရှင်သန်ရတဲ့ဘ၀ တွေမှာ နောက်ထပ်ဘယ်လို pressure မျိုးကိုမှ ထပ်ပြီးမလိုချင်ကြတာအမှန်ပါ။ အဲဒါကြောင့် ကျွန်မတို့ တာဝန်တွေ မခွဲခဲ့ဘူး။ နောက်တစ်ခု ကျွန်မတို့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်အစုံအလင်ကို ရဖို့ အခက်အခဲရှိတဲ့အတွက် ရှိတဲ့ အခြေအနေပေါ်မူတည်ပြီး ကန်တော့ခံ ဆရာဆရာမတွေကို ရွေးချယ်ခဲ့ရာမှာ အကြံပြုချက်နဲ့မေးခွန်းတွေ အများကြီးထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါက တော့ ဒီဆရာမက အရမ်းငယ်ပြီး ကန်တော့ခံစာရင်းထဲမှာပါနေတယ် ဒီဆရာမက တော့ ကျန်နေတယ် ကန်တော့ခံစာရင်းကို ဘယ်လိုမူနဲ့ရွေးတာလဲ စသည် စသည်ဖြင့် မေးခွန်းတွေ ကျွန်မတို့ ရခဲ့ပါတယ်။ မှန်ပါတယ်။ ကျွန်မတို့ ပေါ့လျော့ခဲ့ကြတယ်။ ကျွန်မတို့ လုံလောက်တဲ့အချိန်မရခဲ့ကြဘူး။ အစည်းအဝေးတိုင်းမှာ သူငယ်ချင်းတွေဆုံရခဲတာမို့ ပျော်ကြ စကြ နောက်ကြနဲ့ ခိုင်လုံတဲ့ ဆုံးဖြတ်ချက်ကို မချနိုင်ခဲ့ကြဘူး။ အချိန်က ကျွန်မတို့ကို သင်ခန်းစာတွေထပ်ပေးပါတယ်။ ဆရာကြီးဦးဌေးအောင် ဆုံးသွားပြီလို့ သတင်းရောက်လာပါတယ်။ အဖွဲ့အနေနဲ့ ဈာပနအတွက် ဘာတွေလုပ်ပေးမလဲ ဘယ်လောက်လှူဒါန်းမလဲ ဆိုတာ ဆွေးနွေးကြရပါတယ်။ အဲဒီတော့မှ အိုမင်းလာပြီဖြစ်တဲ့ ဆရာဆရာမတွေအတွက် အဖွဲ့က ဘာတွေဘယ်လို အကူအညီပေးမလဲဆိုတာလေး ကျွန်မတို့ ခေါင်းချင်းရိုက်ကြရပါတယ်။ ကျွန်မတို့မှာ ကြိုတင်စီမံထားတာလေး မရှိသေးလို့ပါ။
အခုထိလည်း ဆုံးဖြတ်ချက်လေးတွေ မခိုင်မာနိုင်သေးပါဘူး။
၁။ ကန်တော့ခံဆရာဆရာမကို မော်လမြိုင်ဂျီတီအိုင်မှာ အနည်းဆုံး ၂ နှစ်တာဝန်ထမ်းဆောင်ဖူးသူဖြစ်ရမယ်လို့ သတ်မှတ်လိုက်ပေမယ့် တကယ့်စာရင်းအတိအကျကို မရနိုင်သေးပါဘူး။ အထူးသဖြင့် မေဂျာအသစ်ဖြစ်တဲ့ Mechatronics ဘာသာရပ်က မောင်ငယ်ညီမငယ်လေးတွေနဲ့ အဆက်အသွယ်ရဖို့ကြိုးစားရာမှာ အခက်အခဲရှိနေပါသေးတယ်။ ဖြစ်နိုင်မယ်ဆိုရင် အဲဒီ့ဘာသာရပ်က ဆရာဆရာမတွေကိုလည်း ကန်တော့ခံစာရင်းမှာထည့်ရမှာပါ။ အဲဒီ့အတွက် Mechatronics က မောင်နှမများ အဖွဲ့နဲ့ဆက်သွယ်ကြပါလို့ အဖွဲ့ကိုယ်စား ဖိတ်ခေါ်လိုက်ပါတယ်။
၂။ အဖွဲ့ရဲ့ မရှိမဖြစ် ကိုစောကြီး ခြင်္သေ့ကျွန်းမှာ အခြေချပြီမို့ အဖွဲ့အတွက် စင်ကာပူပိုင်းဆိုင်ရာ အင်အားတိုးလာသလို မြန်မာနိုင်ငံပိုင်းအတွက်တော့ တကယ့်ကို အခက်အခဲတွေ့ရပါတော့တယ်။ ကိုစောကြီးလို ဆရာဆရာမတွေအိမ်ကို တစ်အိမ်ဝင်တစ်အိမ်ထွက် အချိန်ပေးပြီးလုပ်နိုင်တဲ့သူ ရှာရခက်ပါတယ်။ အဲဒါကြောင့် ကျွန်မတို့ သူငယ်ချင်းတစ်ဦးဖြစ်တဲ့ မကေသီထွန်း (၉၈-မြို့ပြ) ကို အကူအညီလှမ်းတောင်းထားပါတယ်။ အဆင်ပြေနိုင်ဖို့ မျှော်လင့်ကြရပါတယ်။
၃။ အိုမင်းနာမကျန်းတဲ့ ဆရာဆရာမတွေအတွက်လိုအပ်တဲ့ ဆေးကုသစရိတ်အတွက်ကိုတော့ စင်ကာပူဒေါ်လာ ၁၀၀၀ သတ်မှတ်ထားပြီး လိုအပ်သလိုစီစဉ်သွားဖို့ ဆုံးဖြတ်ထားကြပါတယ်။
အားလုံးသော သူငယ်ချင်းများ အကြံဥာဏ်လေးတွေ သတင်းအချက်အလက်လေးတွေ အတတ်နိုင်ဆုံး ဝေမျှကြပါဦးလို့။

No comments: