Wednesday, August 12, 2009

အမှတ်တရ မြေနီလမ်း

၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်

ရန်ကုန်ကလွဲလို့ ဘယ်ကိုမှမရောက်ဖူးတဲ့ ရန်ကုန်သူ ကျွန်မ အတွက် မော်လမြိုင် ဂျီတီအိုင်ကို သွားရမယ်ဆိုတော့ မရောက်ဖူးတဲ့ဒေသကိုရောက်တော့မှာမို့ အရမ်းပျော်ခဲ့မိပါတယ်။ ဒါပေမယ့် ဒါပေမယ့်ပေါ့လေ။ အမှတ် ၈ ကားပေါ်ကဆင်းပြီး ကျောင်းဝင်းထိပ်ကိုအရောက်မှာပဲ လေပြင်းနဲ့အတူ မြေနီမှုန့် အလုံးအရင်းတို့က ကျွန်မကို အပြေးအလွှားကြိုဆိုကြတာကို အောင့်သက်သက်နဲ့ ခံယူရင်း............. အင်း ..........အခုမှ စ တွေ့တာပဲလို့။ ကျောင်းသားရေးရာရှေ့ရောက်တဲ့ထိ မြေနီမှုန့်တွေက ကျွန်မကို လိုက်ပို့ကြလေရဲ့။ နောက်မှ တစ်စုံတစ်ယောက်ပြောသံကြားလိုက်ရတယ်။ နှစ်တိုင်း ဒီအချိန်ဆိုရင် လေနီကြမ်းတိုက်နေကြတဲ့။

၁၉၉၈ ခုနှစ်

ကျောင်းအုပ်ကြီး ဦးဌေးအောင်ရဲ့ ဆုံးဖြတ်ချက်အရ ကျောင်းအ၀င် လမ်းမကြီးကို ကတ္တရာခင်းမယ်တဲ့။ ကျွန်မတို့အားလုံးလည်းထောက်ခံကြပါတယ်။ မိုးတွင်းဆိုရင် ထမီတွေ ဗွက်ထတဲ့အထိ လမ်းသွားရခက်ပြီး နွေနဲ့ဆောင်းမှာ ကျွန်မတို့ရဲ့ဆံကေသာတွေကို ဇာပ၀ါနီလေးလို လွှမ်းခြုံတတ်သေးတာမဟုတ်လား။ ကျွန်မတို့ အလှူငွေတွေထည့်ကြ တယ် အားတတ်သရောပဲ။ ဒါပေမယ့် တကယ် ကတ္တရာလမ်းကိုပြောင်းလိုက်တဲ့ အခါကျတော့ ခံစားရတယ်။ ကျောင်းကြီးကို နှမြောတယ်။ မြေနီလမ်းနဲ့ ရေတမာတွေက ပိုလိုက်ဖက်သလိုပဲ။ ခပ်ဝပ်ဝပ်နဲ့ မပေါ်လွင်လှတဲ့ ကျွန်မတို့ရဲ့ ရွှေဟင်္သာက မြေနီလမ်းကြောင့် ပေါ်လွင်လှပနေခဲ့တာလို့ပဲ ခံယူမိတယ်။ ကံကော်တန်းရဲ့အဆုံးမှာ တွေ့ရတဲ့ မြေနီလမ်း ရေတမာနဲ့ ရွှေဟင်္သာက ပဏာအရဆုံးလို့ ကျွန်မတော့ မြင်တယ်။ အဲဒီအချိန်မှာ နှမြောမိတယ် မြေနီလမ်း ကို။

၂၀၀၉ ခုနှစ် သြဂုတ်လ ၁၃ ရက်

ညက ကျွန်မအိမ်မက်မက်တယ်။ ကျွန်မကို မြေနီမှုန့်တွေနဲ့ ကြိုဆိုခဲ့တဲ့ အမိကျောင်းတော်ကြီး။ ဘယ်အချိန်ပဲမက်မက် မထူးခြားတဲ့ မြေနီလမ်း ပါပဲ။ ဘယ်လိုပဲ မြင်ကွင်းတွေပြောင်းပြောင်း မပြောင်းလဲတဲ့ အိမ်မက်ပါပဲ။ မြေနီလမ်း ရေတမာ ရွှေဟင်္သာနဲ့ တောင်ညို ။ ဆယ်နှစ်ကျော်ကြာခဲ့လည်း မပြောင်းလဲတဲ့ အိမ်မက်ပါ။
ဒီမနက် အိပ်ယာထ နောက်ကျခဲ့ရတယ်။ ရုံးကို အပြေးအလွှားသွားရတယ်။ လမ်းလျှောက်နေရင်းနဲ့ မြေနီလမ်းကို သတိရတယ်။ အခုလျှောက်နေရတဲ့ ကတ္တရာလမ်းထက်တော့ မြေနီလမ်းက ပိုမချောမွေ့တာ အမှန်ပဲ။ ဒါပေမယ့် အဲဒီမြေနီလမ်းကြောင့် အခု ချောမွေ့တဲ့ ကတ္တရာလမ်းကို လျှောက်နေနိုင်တယ်ဆိုတာတော့ အမှန်တရားတစ်ခုဖြစ်လို့နေခဲ့တယ်။

တကယ်တော့ အခုချိန် ခေတ်မှီတိုးတက်တဲ့ ဒီခြင်္သေ့ကျွန်းပေါ်မှာ ကျွန်မတို့ ရပ်နေနိုင်တာဟာ တချိန်က မြေနီမှုန့်တွေနဲ့ မပြည့်စုံလှတဲ့ အမိကျောင်းတော်ကြီးနဲ့ ဆရာဆရာမတွေရဲ့ မေတ္တာစေတနာကြောင့် ဆိုတာ...............။