Thursday, June 25, 2009

ဇွန်လ လပတ်လည်အစည်းအဝေး

ကျွန်မတို့ မော်လမြိုင်ဂျီတီအိုင်ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ရဲ့ လက်ရှိတွေ့ကြုံနေရတဲ့အခက်အခဲလေးတွေကို ၂၀၀၉ခုနှစ် ဇွန်လ ၂၀ ရက်နေ့ညနေ ၆နာရီမှာ သူငယ်ချင်းများစုဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဆုံနေကြဖြစ်တဲ့အတိုင်း ၁။ ကိုသောင်းဆွေဝင်း ၂။ ကိုစောအောင်ထွန်းဦး ၃။ကိုကျော်လွင်ဝင်း ၄။ ကိုဝင်းသန့် ၅။ကိုမင်းသူ ၆။ကိုနိုင်ဝင်း ၇။မဝေေ၀နွယ် ၈။ မအိအိခိုင် ၉။ မကြေးမုံဝင်း ၁၀။ မခင်ဝင်းချို ၁၁။ မရည်မွန်သောင်း ၁၂။ မဇာဇာထွန်း ၁၃။ မပပရွှေ ၁၄။ မအေးနန္ဒာဝင်းမောင် အားလုံးပေါင်း ၁၄ယောက် ဆုံဖြစ်ခဲ့ကြပါတယ်။ ဒီအစည်းအဝေးက ကျွန်မတို့အဖွဲ့လေးဖြစ်ပေါ်လာပြီးတဲ့နောက်ပိုင်း ပထမဦးဆုံး အကြာဆုံးနဲ့ဆွေးနွေးတဲ့အကြောင်းအရာအများဆုံး အစည်းအဝေးတစ်ခုဖြစ်ခဲ့ပါတယ်။ နဂိုစီစဉ်ထားခဲ့တဲ့အတိုင်း ခေါင်းစဉ် ၆ခု ကိုဆွေးနွေးခဲ့ကြပြီး အကြမ်းမျဉ်းအတည်ပြုခဲ့ကြပါတယ်။
၁။ ဇွန်လအတွက် အလှူငွေထည့်ဝင်ခြင်းနှင့် ကန်တော့ခံ ဆရာဆရာမ ရွေးချယ်ခြင်း - ဇွန်လအတွက် ကောက်ခံရရှိတဲ့အလှူငွေစာရင်းကို ပုံမှန်အတိုင်း ဘဏ္ဍာထိန်းမဝေေ၀နွယ် က သူငယ်ချင်းအားလုံးဆီကို မေးလ်နဲ့အကြောင်းကြားပေးပါလိမ့်မယ်။ ဇူလိုင်လအတွက် ကန်တော့ခံဆရာဆရာမများကတော့ ၁။ ဒေါ်အေးအေးချို (Civil) ၂။ ဦးအားတီ (MT) ၃။ ဦးခင်မောင် (EP) ၄။ ဒေါ်ခင်နန်းမြင့် (Academic) ၅။ ဒေါ်မြင့်ငွေ (MP) ၆။ ဒေါ်ဝါ၀ါမိုး (EC) အားလုံးပေါင်း ၆ ယောက်ပါ။
၂။ နာမကျန်းဆေးကုသစရိတ် ငွေပဒေသာပင် ထူထောင်ခြင်း - ဆရာဆရာမကြီးများအတွက် နာရေးနဲ့ဆေးကုသငွေကို ကျွန်မတို့တိုင်ပင်ထားတဲ့အတိုင်း S$ 1000 သတ်မှတ်ပါတယ်။ တကယ်လို့များလိုအပ်ချက်အရ သတ်မှတ်ထားတဲ့ငွေပမာဏကိုကျော်သွားခဲ့မယ်ဆိုရင်လည်း အရေးပေါ်ဆုံးဖြတ်ချက်ရယူပြီး ထပ်ဖြည့်မှာဖြစ်သလို နှစ်ပတ်လည်တဲ့အထိ ပိုနေတဲ့ပမာဏရှိခဲ့ရင် နောင်နှစ်ကိုဆက်လက်ယူဆောင်သွားမှာဖြစ်ပါတယ်။ (၂၀၀၉ခုနှစ်အတွက် S$ 300 နီးပါး ကို ဆရာကြီးဦးဌေးအောင်အတွက် နာရေးကူငွေအဖြစ်သုံးစွဲပြီးဖြစ်ပါတယ်။ )
၃။ မြန်မာပြည်ပိုင်းဆိုင်ရာ အဖွဲ့ကိုယ်စားလှယ်အတည်ပြုသတ်မှတ်ခြင်း - ရန်ကုန်နဲ့ တခြားမြို့တွေမှာရှိတဲ့ဆရာဆရာမများကိုဆက်သွယ်ပြီးကန်တော့ငွေပို့ပေးဖို့ အတွက် မြန်မာပြည်ပိုင်းဆိုင်ရာ အဖွဲ့ကိုယ်စားလှယ်အဖြစ် မကေသီထွန်း (၉၈-မြို့ပြ) ကို အကူအညီတောင်းပြီးဖြစ်ပါတယ်။ မော်လမြိုင်ကျောင်းမှာရှိနေဆဲဆရာဆရာမများနဲ့ မော်လမြိုင်မှာပဲအခြေချနေထိုင်တဲ့ပင်စင်စားဆရာဆရာမများကိုတော့ ဆရာမ ဒေါ်ကျင်ဝင်းနဲ့ဒေါ်ဥမ္မာသူတို့မှတဆင့် ပေးပို့ကန်တော့သွားမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
၎။ ကန်တော့ခံဆရာဆရာမစာရင်း အသေးစိတ်ပြန်လည်ကောက်ယူအတည်ပြုခြင်း - ကျွန်မတို့ရဲ့အမိကျောင်းတော်ကြီးမှာ အနည်းဆုံး ၃ နှစ်နှင့်အထက် တာဝန်ထမ်းဆောင်ခဲ့သူ တာဝန်ထမ်းဆောင်ဆဲ ဆရာဆရာမများကို လမ်းလှမ်းမီသလောက် စာရင်းကောက်ယူပြီး အကြမ်းမျဉ်း အတည်ပြုခဲ့ကြပါတယ်။ ဒီနေရာမှာ ဆရာဆရာမများရဲ့လုပ်သက်အတိအကျ မရနိုင်တဲ့အတွက် ကျွန်မတို့ အကြမ်းမျဉ်းပဲ အဖြေထွက်ပါသေးတယ်။ အားလုံးအတည်တကျစာရင်းချုပ်ပြီးရင်တော့ ကန်တော့ခံဆရာဆရာမစာရင်းကို သူငယ်ချင်းအားလုံးထံ အသိပေးမှာပါ။ (လောလောဆယ်တော့ စောင့်ကြပါဦးလို့)
၅။ Mechatronics & IT ဌာနမှ ကန်တော့ခံဆရာဆရာမများ ထည့်သွင်း/မသွင်း ဆွေးနွေးအကြံပြုခြင်း - ဒီခေါင်းစဉ်နဲ့ပတ်သတ်လို့ ကျွန်မတို့ အကျပ်ရိုက်နေကြရတာကြာပါပြီ။ ကျွန်မတို့အမိကျောင်းတော်ကြီးမှာ ကျွန်မတို့ကိုပညာရည်တိုက်ကျွေးခဲ့တဲ့ဆရာဆရာမများအားလုံးကို ကျွန်မတို့ကန်တော့ချင်တာပါ။ ဘယ်နှစ် ဘယ်မေဂျာကမှ ဆိုတာမျိုးမရှိပါဘူး။ အားလုံးလည်း ဒီဆန္ဒရှိမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အခက်အခဲတစ်ခုအနေနဲ့ ကျွန်မတို့ ဒီမေဂျာတွေက မောင်ငယ်ညီမငယ်တွေကို အစည်းအဝေးလာဖို့ သူတို့ရဲ့ဆရာဆရာမတွေအမည်နဲ့လုပ်သက်တွေကို စုံစမ်းပေးဖို့ ဘယ်လိုမှ ခေါ်မရဘူးဖြစ်နေလို့ပါ။ အဲဒါကြောင့် ကျွန်မတို့ကပဲ အတတ်နိုင်ဆုံး အချက်အလက်တွေရအောင် ကြိုးစားကြည့်ကြပါမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ မလျော့သော ဇွဲလုံ့လ နဲ့ မောင်လေးညီမလေးများကို ထပ်ပြီးဖိတ်ခေါ်လိုက်ပါတယ်။ အဖွဲ့နဲ့အတတ်နိုင်ဆုံး တွေ့ဆုံအကြံပြုကြပါလို့ နော်။
၆။ အဖွဲ့ဝင်ကျောင်းသားကျောင်းသူစာရင်း ပြန်လည်စီစစ်ခြင်း - ကျွန်မတို့ သူငယ်ချင်းတွေထဲက အထူးသဖြင့်စင်ကာပူမှာလာပြီးအလုပ်လုပ် ပုံမှန်အလှူငွေထည့်ဝင်နေပြီးမှ အဆင်မပြေလို့ ပြန်သွားရတဲ့သူတွေရှိပါတယ်။ တချို့အဝေးရောက်သူငယ်ချင်းတွေထဲက ငွေလွှဲရတာ အဆင်မပြေလို့ ကွက်လပ်ဖြစ်နေတဲ့သူတွေလည်းရှိနေပါတယ်။ အဲဒီ့အတွက် ကျွန်မက ဘယ်လိုလုပ်မလဲ စာရင်းထဲမှာ လူတွေဖောင်းပွနေပြီး ထည့်ဝင်ငွေနေရာမှာကွက်လပ်ဖြစ်နေတော့ သူများမေးစရာဖြစ်မယ်လို့ ဒီခေါင်းစဉ်ကို စ ခဲ့တာပါ။ ဒါပေမယ့် ကိုသောင်းဆွေဝင်းရဲ့ ဒီအတိုင်းပဲဆက်လက်ထားပေးပါ သူတို့ဟာ တချိန်က ဒီအဖွဲ့ထဲမှာရှိခဲ့ဖူးတာပဲ ဆိုတဲ့ စကားကို ကျွန်မလက်ခံခဲ့ပါတယ်။ ဒါဟာ အမှန်တရားပါ။ ဘယ်အချိန်မှာပဲ ရှိခဲ့ဖူးရှိခဲ့ဖူး ကျွန်မတို့ရဲ့အဖွဲ့ဝင်ပါပဲ။ (ကျေးဇူးပါ သောင်းသောင်းရေ)
၇။ ကန်တော့ခံဆရာဆရာမဦးရေ တိုးရန် - ဒီတစ်ခုကတော့ နောက်တိုးခေါင်းစဉ်ပါ။ ဒီအစီအစဉ်လေးကို စခဲ့တုန်းက ကျွန်မတို့နိုင်သလောက် လုပ်ကြမယ်ဆိုပေမယ့် တဖြည်းဖြည်းကျွန်မတို့ကျောင်းသားဟောင်းတွေပိုပြီးစုစည်းမိလာသလို ထည့်ဝင်ငွေတွေလည်းမျှော်မှန်းထားတာထက် ပိုလုံလောက်ခဲ့တာကြောင့် လစဉ်ကန်တော့နေကြဆရာဆရာမဦးရေကို ပုံမှန် ၅ ဦးကနေ ထပ်တိုးချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ ဆရာဆရာမဦးရေစုစုပေါင်းအရ ကျွန်မတို့နှစ်ပတ်လည်သွားခဲ့ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဆရာဆရာမတစ်ဦးကို တစ်နှစ်မှာ နှစ်ကြိမ်ကန်တော့နိုင်ခွင့်ရဖို့ ကြိုးစားကြည့်ချင်တာပါ။ အတတ်နိုင်ဆုံး စာရင်းပြုစုကြည့်ကြဖို့ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်နိုင်မဖြစ်နိုင်ကိုတော့ သူငယ်ချင်းများကို ထပ်ပြီးအကြောင်းကြားပေးပါမယ်နော်။
ကဲ သူငယ်ချင်းအားလုံးလည်း ဒီမှတ်တမ်းလေးဖတ်ပြီးရင် ဝေဖန်အကြံပြုပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေ။

Tuesday, June 16, 2009

ဖိတ်စာ

သူငယ်ချင်းအားလုံးကို ဖိတ်ခေါ်ပါတယ်။ လာမယ့် ဇွန်လ ၂၀ ရက် စနေနေ့ ညနေ ၆ နာရီ မှာ လပတ်အစည်းအဝေးပြုလုပ်မှာဖြစ်ပြီး လက်ရှိတွေ့ကြုံနေရတဲ့ အခက်အခဲလေးတွေအတွက် တိုင်ပင်ညှိနှိုင်းဆွေးနွေး အတည်ပြုချက်ရယူကြမှာဖြစ်လို့ သူငယ်ချင်းများ အချိန်လေးပေးပြီးလာရောက်ကြဖို့ နွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်။ နေရာကတော့ ကျွန်မရဲ့ အသိုက်ကလေးဖြစ်တဲ့ Blk-364, #08-461, Clementi Avenue 2 မှာပါ။
ဆုံကြမယ်နော်။

Wednesday, June 10, 2009

ရှေ့ဆက်ရမယ့်လမ်း

၁ နှစ်သားအရွယ်ရောက်ပြီဖြစ်တဲ့ အဝေးရောက်မော်လမြိုင်ဂျီတီအိုင်ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ လေးမှာ လိုအပ်ချက်တွေ ရှိနေသေးပါတယ်။ ပထမစိတ်ကူးဖြစ်တဲ့ ဆရာဆရာမများအတွက် လှူဒါန်းခြင်းကိုတော့ တက်ညီလက်ညီနဲ့ စဉ်ဆက်မပြတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမ ဆိုတဲ့နောက်ကို ဒုတိယ တတိယ စသည် စသည် တွေက လိုက်လာမြဲပါ။ အခုဆိုရင် အဖွဲ့အတွက် သင့်တင့်တဲ့ငွေကြေးနဲ့ လူအင်အား ရှိပါတယ်။ ဒါပေမယ့် သတင်းအချက်အလက်လေးတွေ အကြံပြုချက်လေးတွေ လိုအပ်နေပါသေးတယ်။ ဖြတ်သန်းခဲ့တဲ့ ၁ နှစ်တာအချိန်ကာလမှာ ရခဲ့တဲ့ အတွေ့အကြုံလေးတွေအရ ကျွန်မတို့ အများကြီး ကြိုးစားရဦးမှာပါ။ ဒီအဖွဲ့လေးအရှိန်ရလာတဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်က အကြံပေးဖူးပါတယ်။ အဖွဲ့အစည်းရယ်လို့လုပ်မယ်ဆိုရင် တာဝန်တိတိကျကျခွဲဖို့အတွက် နေရာတစ်ခုစီ သတ်မှတ်ထားဖို့လိုအပ်မယ်တဲ့။ ဒါပေမယ့် နင်ကတော့ ဒီပို့စ် ယူ ဒါတွေလုပ် လို့ကျွန်မတို့ ခွဲလိုက်လို့မရနိုင်ပါဘူး။ အားလုံးသိပြီးတဲ့အတိုင်းပဲ ဒီခြင်္သေ့ကျွန်းပေါ်မှာရုန်းကန်ရှင်သန်ရတဲ့ဘ၀ တွေမှာ နောက်ထပ်ဘယ်လို pressure မျိုးကိုမှ ထပ်ပြီးမလိုချင်ကြတာအမှန်ပါ။ အဲဒါကြောင့် ကျွန်မတို့ တာဝန်တွေ မခွဲခဲ့ဘူး။ နောက်တစ်ခု ကျွန်မတို့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်အစုံအလင်ကို ရဖို့ အခက်အခဲရှိတဲ့အတွက် ရှိတဲ့ အခြေအနေပေါ်မူတည်ပြီး ကန်တော့ခံ ဆရာဆရာမတွေကို ရွေးချယ်ခဲ့ရာမှာ အကြံပြုချက်နဲ့မေးခွန်းတွေ အများကြီးထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါက တော့ ဒီဆရာမက အရမ်းငယ်ပြီး ကန်တော့ခံစာရင်းထဲမှာပါနေတယ် ဒီဆရာမက တော့ ကျန်နေတယ် ကန်တော့ခံစာရင်းကို ဘယ်လိုမူနဲ့ရွေးတာလဲ စသည် စသည်ဖြင့် မေးခွန်းတွေ ကျွန်မတို့ ရခဲ့ပါတယ်။ မှန်ပါတယ်။ ကျွန်မတို့ ပေါ့လျော့ခဲ့ကြတယ်။ ကျွန်မတို့ လုံလောက်တဲ့အချိန်မရခဲ့ကြဘူး။ အစည်းအဝေးတိုင်းမှာ သူငယ်ချင်းတွေဆုံရခဲတာမို့ ပျော်ကြ စကြ နောက်ကြနဲ့ ခိုင်လုံတဲ့ ဆုံးဖြတ်ချက်ကို မချနိုင်ခဲ့ကြဘူး။ အချိန်က ကျွန်မတို့ကို သင်ခန်းစာတွေထပ်ပေးပါတယ်။ ဆရာကြီးဦးဌေးအောင် ဆုံးသွားပြီလို့ သတင်းရောက်လာပါတယ်။ အဖွဲ့အနေနဲ့ ဈာပနအတွက် ဘာတွေလုပ်ပေးမလဲ ဘယ်လောက်လှူဒါန်းမလဲ ဆိုတာ ဆွေးနွေးကြရပါတယ်။ အဲဒီတော့မှ အိုမင်းလာပြီဖြစ်တဲ့ ဆရာဆရာမတွေအတွက် အဖွဲ့က ဘာတွေဘယ်လို အကူအညီပေးမလဲဆိုတာလေး ကျွန်မတို့ ခေါင်းချင်းရိုက်ကြရပါတယ်။ ကျွန်မတို့မှာ ကြိုတင်စီမံထားတာလေး မရှိသေးလို့ပါ။
အခုထိလည်း ဆုံးဖြတ်ချက်လေးတွေ မခိုင်မာနိုင်သေးပါဘူး။
၁။ ကန်တော့ခံဆရာဆရာမကို မော်လမြိုင်ဂျီတီအိုင်မှာ အနည်းဆုံး ၂ နှစ်တာဝန်ထမ်းဆောင်ဖူးသူဖြစ်ရမယ်လို့ သတ်မှတ်လိုက်ပေမယ့် တကယ့်စာရင်းအတိအကျကို မရနိုင်သေးပါဘူး။ အထူးသဖြင့် မေဂျာအသစ်ဖြစ်တဲ့ Mechatronics ဘာသာရပ်က မောင်ငယ်ညီမငယ်လေးတွေနဲ့ အဆက်အသွယ်ရဖို့ကြိုးစားရာမှာ အခက်အခဲရှိနေပါသေးတယ်။ ဖြစ်နိုင်မယ်ဆိုရင် အဲဒီ့ဘာသာရပ်က ဆရာဆရာမတွေကိုလည်း ကန်တော့ခံစာရင်းမှာထည့်ရမှာပါ။ အဲဒီ့အတွက် Mechatronics က မောင်နှမများ အဖွဲ့နဲ့ဆက်သွယ်ကြပါလို့ အဖွဲ့ကိုယ်စား ဖိတ်ခေါ်လိုက်ပါတယ်။
၂။ အဖွဲ့ရဲ့ မရှိမဖြစ် ကိုစောကြီး ခြင်္သေ့ကျွန်းမှာ အခြေချပြီမို့ အဖွဲ့အတွက် စင်ကာပူပိုင်းဆိုင်ရာ အင်အားတိုးလာသလို မြန်မာနိုင်ငံပိုင်းအတွက်တော့ တကယ့်ကို အခက်အခဲတွေ့ရပါတော့တယ်။ ကိုစောကြီးလို ဆရာဆရာမတွေအိမ်ကို တစ်အိမ်ဝင်တစ်အိမ်ထွက် အချိန်ပေးပြီးလုပ်နိုင်တဲ့သူ ရှာရခက်ပါတယ်။ အဲဒါကြောင့် ကျွန်မတို့ သူငယ်ချင်းတစ်ဦးဖြစ်တဲ့ မကေသီထွန်း (၉၈-မြို့ပြ) ကို အကူအညီလှမ်းတောင်းထားပါတယ်။ အဆင်ပြေနိုင်ဖို့ မျှော်လင့်ကြရပါတယ်။
၃။ အိုမင်းနာမကျန်းတဲ့ ဆရာဆရာမတွေအတွက်လိုအပ်တဲ့ ဆေးကုသစရိတ်အတွက်ကိုတော့ စင်ကာပူဒေါ်လာ ၁၀၀၀ သတ်မှတ်ထားပြီး လိုအပ်သလိုစီစဉ်သွားဖို့ ဆုံးဖြတ်ထားကြပါတယ်။
အားလုံးသော သူငယ်ချင်းများ အကြံဥာဏ်လေးတွေ သတင်းအချက်အလက်လေးတွေ အတတ်နိုင်ဆုံး ဝေမျှကြပါဦးလို့။

ဆုံမှတ်-၃

6-6-09
Mirama Hotel












မော်လမြိုင်ဂျီတီအိုင်ရဲ့ Roll One တစ်ဦးပါ။ ကျွန်မရဲ့ စီနီယာဖြစ်ခဲ့သလို ကျွန်မစာမေးပွဲဖြေခါနီးတိုင်း အမြဲစာရှင်းပြပေးခဲ့တဲ့သူပါ။ မခင်ထိပ်တင်ရဲ့ လက်တွဲဖော်က တော့ ကိုခင်အေး (Geotechnical Engineer) ဖြစ်ပါတယ်။ ကင်မရာထဲမှာရှိတဲ့ပုံကိုပဲ ရွေးလိုက်ရတာမို့ သတို့သားနဲ့သတို့သမီးပုံက သေးလို့နေပါတယ်။ မင်္ဂလာဓာတ်ပုံများကို မွန်ဂျီတီအိုင်ဆိုဒ်မှာ ၀င်ရောက်ကြည့်ရှူနိုင်ပါတယ်နော်။ မထိပ်ရဲ့မင်္ဂလာဧည့်ခံပွဲမှာ ကျွန်မတို့ ကျောင်းသူကျောင်းသားဟောင်းတော်တော်များများပြန်ဆုံခဲ့ကြပါတယ်။ အထူးသဖြင့် ၉၇/၉၈ ကျောင်းပြီးတဲ့အဖွဲ့သားများ အချိန်တော်တော်လင့်တဲ့အထိမပြန်ပဲ မင်္ဂလာစုံတွဲနဲ့အတူ ပျော်နေခဲ့ကြပါတယ်။ (ဒီပုံကိုကြည့်ပါ မြင်နိုင်ပါသည်ပဲ)။ မထိပ်ရေ ပြီးပြည့်စုံတဲ့ ဘ၀တစ်ခုကို အတူလက်တွဲတည်ဆောက်နိုင်ပါစေ လို့နန္ဒာတို့အဖွဲ့ကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်။

ဆုံမှတ်-၂



၂၀၀၉ခုနှစ် မေလ ၂၄ရက်
8th Degree restaurant, NTU Alumini Club
မော်လမြိုင်ဂျီတီအိုင်ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ရဲ့ မရှိမဖြစ် ကိုစောကြီး နဲ့ ဘဏ္ဍာထိန်း မဝေေ၀နွယ်တို့ရဲ့ မင်္ဂလာရက်မြတ်ပါ။ အသက်ထက်ဆုံး ပျော်ရွှင်စွာလက်တွဲသွားနိုင်ဖို့ သူငယ်ချင်းအားလုံးကိုယ်စား အဖွဲ့ကိုယ်စား ဆုတောင်းလိုက်ပါတယ်။

ဆုံမှတ်-၁

၂၀၀၉ ခုနှစ် ဧပြီလ ၂၆ရက်နေ့။
မင်္ဂလာရှိသောနေ့သို့ရောက်ခဲ့ပြီ။
ကမ္ဘာကျော်Orchard Road မှာရှိတဲ့ SAKURA restaurant ထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ သူငယ်ချင်းအားလုံးကို (အထူးသဖြင့် ကျွန်မကိုပေါ့) ကျော်တက်ပြီး ဆုံမှတ်တစ်ခုကိုဖြတ်လို့ ဘ၀တစ်ခုကိုလျှောက်လှမ်းတော့မယ့် ချစ်သူငယ်ချင်း ဖြူသဲထိုက် (၉၉-မြို့ပြ)ကို အဖြူရောင် သတို့သမီးဝတ်စုံနဲ့ တွေ့လိုက်ရပါတယ်။ အရမ်းလှနေတဲ့သတို့သမီးရဲ့ ဘ၀လက်တွဲဖော်ကတော့ ကိုမြင့်ကြိုင် (ME.Civil) ပါ။ စားရင်းသောက်ရင်း နောက်ရင်းပြောင်ရင်း မင်္ဂလာစုံတွဲကို မင်္ဂလာဆုတောင်းပေးဖို့ မေ့လာခဲ့ပါတယ်။ ကြင်နာမှုတွေလွှမ်းခြုံတဲ့ အိမ်ထောင်တစ်ခုဖြစ်ပါစေလို့ ဒီကနေပဲ ဆုတောင်းလိုက်ပါတယ်။ ပျော်ရွှင်ပါစေ သူငယ်ချင်း။ ၂၀၀၉ ကိုပထမဦးဆုံးဈေးဦးဖောက်သွားတဲ့ သူငယ်ချင်းပါ။

ဘလော့ဂ် အတွက် တဖန် မွေးဖွားခြင်း

အချစ်အတွက်တဖန်မွေးဖွားခြင်း ဆိုတဲ့သီချင်းလေးကိုအားကျလို့ ဒီခေါင်းစဉ်လေးတပ်လိုက်ပါတယ်။ အလွန်ပျင်းတဲ့ ကျွန်မကြောင့် ဒီဘလော့ဂ်လေး မျက်နှာငယ်အထီးကျန်နေရတာ နှစ်ပတ်လည်တော့မလားမသိပါဘူး။ အဲဒါကြောင့် ခြင်္သေ့ကျွန်းပေါ်က နံနက်ခင်းရဲ့လင်းရောင်ခြည်၊ ငှက်ကျေးရဲ့တေးသံ တို့နဲ့အတူ ကျွန်မရဲ့ဘလော့ဂ်လေးကို ပြန်မွေးဖွားလိုက်ပါတယ်။ ပထမဦးဆုံး မင်္ဂလာသတင်းများနဲ့ ကျွန်မဘလော့ဂ်လေးကို ပြန်လည်မွေးဖွားမှာဖြစ်ပါတယ်။ သူငယ်ချင်းများ လာရောက်လည်ပတ်ကြပါဦးလို့။။။။။။။။။။။။။။။။။